အင်ဒိုနီးရှား ခရာကာတိုးမီးတောင် ပေါက်ကွဲ၊ဂျကာတာ လေဆိပ် ပိတ်ပြီး ခရီးသည် ၁.၇သိန်း သောင်တင်

*ဂျကာတာ၊ စက်တင်ဘာ ၇ -*

အင်ဒိုနီးရှားနိုင်ငံ Sunda ရေလက်ကြားရှိ Anak Krakatau (ခရာကာတိုး သားငယ်) မီးတောင် ပြီးခဲ့သည့် တနင်္ဂနွေနေ့ မနက် စက်တင်ဘာ ၆ ရက်နေ့တွင် အပြင်းအထန် ပေါက်ကွဲခဲ့သဖြင့် အင်ဒိုနီးရှား၏ အဓိက လေဆိပ်ကြီးများ ပိတ်သိမ်းလိုက်ရပြီး ခရီးသည် တစ်သိန်းခုနစ်သောင်းကျော် သောင်တင်နေကြောင်း အင်ဒိုနီးရှား သယ်ယူပို့ဆောင်ရေး ဝန်ကြီးဌာနက ထုတ်ပြန်သည်။

မီးတောင်သည် ပြီးခဲ့သည့် သောကြာနေ့ကတည်းက လှုပ်ရှားမှုများ ပြသခဲ့ပြီး တနင်္ဂနွေနေ့ မနက် ၃ နာရီ ၅၃ မိနစ်တွင် စက္ကန့် ၃၀ ကြာ ပထမအကြိမ်၊ ထို့နောက် ၃ နာရီခန့်အကြာတွင် ၁၆ စက္ကန့်ကြာ ဒုတိယအကြိမ် ပေါက်ကွဲခဲ့ခြင်းဖြစ်ကြောင်း အင်ဒိုနီးရှား ဘူမိဗေဒအေဂျင်စီက ဆိုသည်။ မီးတောင်၏ CCTV မှတ်တမ်းများအရ ချော်ရည်မီးတောက်များ အပြင်းအထန် ထွက်ပေါ်နေသည်ကို တွေ့ရသည်။

ပေါက်ကွဲမှုကြောင့် ထွက်လာသော ပြာမှုန့်များသည် ပေ ၂၀,၀၀၀ မှ ပေ ၅၀,၀၀၀ (၁၅ ကီလိုမီတာခန့်) အထိ မြင့်တက်သွားပြီး လေတိုက်နှုန်းကြောင့် အနောက်ဂျာဗား၊ ဘန်တန်ပြည်နယ်၊ ဂျကာတာမြို့တော်နှင့် ဆူမားတြားကျွန်းတောင်ပိုင်း လမ်ပွန်းပြည်နယ်အထိ ပျံ့နှံ့သွားခဲ့သည်။

ထို့ကြောင့် ဂျကာတာရှိ Soekarno-Hatta အပြည်ပြည်ဆိုင်ရာလေဆိပ်နှင့် Halim Perdanakusuma လေဆိပ် အပါအဝင် လေဆိပ် ၈ ခုကို ယာယီပိတ်ထားခဲ့ရသည်။ Soekarno-Hatta လေဆိပ်တစ်ခုတည်းတွင်ပင် လေယာဉ်ခရီးစဉ် ၉၆၃ စင်း အပါအဝင် စုစုပေါင်း ခရီးစဉ် ၁,၅၅၈ စင်း ပျက်ခဲ့ပြီး Singapore Airlines, Malaysia Airlines, AirAsia တို့၏ နိုင်ငံတကာ ခရီးစဉ်များပါ ပါဝင်သည်။

လေဆိပ်အတွင်း ခရီးသည်များသည် လက်မှတ်ငွေပြန်အမ်းရန်နှင့် အထုပ်များပြန်ယူရန် တန်းစီစောင့်ဆိုင်းနေခဲ့ရပြီး အချို့မှာ ကြိုတင်အကြောင်းကြားခြင်း မရှိဟု ပြစ်တင်ဝေဖန်ခဲ့ကြသည်။

မြေပြင်တွင်လည်း ထိခိုက်မှုများရှိခဲ့သည်။ ပြာမှုန့်များကြောင့် မျက်စိယားယံခြင်းနှင့် အသက်ရှူလမ်းကြောင်းဆိုင်ရာ ပြဿနာများ ဖြစ်ပေါ်ကာ ကျောင်းအချို့ ပိတ်ထားရပြီး တံငါသည်များလည်း ပင်လယ်ထဲ မထွက်ရဲကြပေ။

အာဏာပိုင်များက ထိခိုက်သေဆုံးသူ မရှိကြောင်း၊ အနီးဆုံးကျေးရွာမှာ မီးတောင်မှ ၁၆ ကီလိုမီတာ ကျော်ဝေးကြောင်း၊ သို့သော် မီးတောင်ဝမှ ၃ ကီလိုမီတာ အတွင်း မည်သူမျှ မဝင်ရောက်ရန် တားမြစ်ထားကြောင်း ထုတ်ပြန်ထားသည်။ ဆူနာမီ အန္တရာယ်နှင့် ပတ်သက်၍ လက်ရှိတွင် အန္တရာယ်မရှိကြောင်း သဘာဝဘေးအန္တရာယ်လျော့ပါးရေးအေဂျင်စီ (BNPB) က ပြောကြားသော်လည်း ၂၀၁၈ ခုနှစ်က ဤမီးတောင် ပြိုကျမှုကြောင့် ဆူနာမီဖြစ်ပြီး လူရာချီ သေဆုံးခဲ့ဖူးသဖြင့် အထူးသတိထားစောင့်ကြည့်လျက်ရှိသည်။

လက်ရှိတွင် အာဏာပိုင်များက ပြာမှုန့်များရှင်းလင်းရန်နှင့် လေကြောင်းခရီးစဉ်များ အမြန်ပြန်လည်ပတ်နိုင်ရန် မိုးရွာသွန်းအောင် ပြုလုပ်သည့် Cloud Seeding စီမံကိန်းကိုပါ စီစဉ်နေကြောင်း သိရသည်။

Comments

Popular posts from this blog

UNGA 81ကြိုမ်မြောက်နှင့်မြန်မာ့အရေး-အမေရိကန်က မြန်မာပြည်သူများ ဆန္ဒပြရန်စီစဥ်

ထိုင်းဝန်ကြီးချုပ် အန်နူတင်၊ဆစ်ဒနီမှာ ဒေသတွင်းပူးပေါင်းဆောင်ရွက်ရေးအတွက် ထိုင်းရဲ့ရူပါရုံ ၃ရပ်တင်ပြ