ထိုင်းဝန်ကြီးချုပ် အန်နူတင်၊ဆစ်ဒနီမှာ ဒေသတွင်းပူးပေါင်းဆောင်ရွက်ရေးအတွက် ထိုင်းရဲ့ရူပါရုံ ၃ရပ်တင်ပြ
- ဩစတြေးလျနှင့် နယူးဇီလန်နိုင်ငံများသို့ တရားဝင်ခရီးစဉ်အတွင်း ထိုင်းဝန်ကြီးချုပ် *အန်နူတင် ချန်ဝီရာကွန်* သည် ဆစ်ဒနီရှိ ဩစတြေးလျရဲ့ အဓိက မူဝါဒလေ့လာရေးအဖွဲ့ဖြစ်တဲ့ Lowy Institute မှာ အဓိကမိန့်ခွန်းတစ်ရပ်ပြောကြားခဲ့ပါတယ်။
"ထိုင်း-ဩစတြေးလျ နှစ်နိုင်ငံဆက်ဆံရေးကိုကျော်လွန်၍ - ဒေသတွင်းနှင့် Minilateral ပူးပေါင်းဆောင်ရွက်မှုမှတဆင့် နိုင်ငံတကာစည်းမျဉ်းစနစ်ကို မြှင့်တင်ခြင်း" ဆိုတဲ့ ခေါင်းစဉ်နဲ့ မိန့်ခွန်းမှာတော့ ကမ္ဘာ့မရေမရာမှုတွေ မြင့်တက်နေချိန်မှာ အလယ်အလတ်နိုင်ငံတွေဖြစ်တဲ့ ထိုင်းနဲ့ဩစတြေးလျတို့အနေနဲ့ ပွင့်လင်း၊ တည်ငြိမ်၊ စည်းမျဉ်းအခြေခံ နိုင်ငံတကာစနစ်ကို အတူတကွထိန်းသိမ်းသင့်ကြောင်း အလေးပေးပြောကြားခဲ့ပါတယ်။
ဝန်ကြီးချုပ်အန်နူတင်က အနာဂတ်စိန်ခေါ်မှုတွေကို ရင်ဆိုင်ဖို့ ချဉ်းကပ်နည်းလမ်း ၃ ရပ်ကို အဓိကထားတင်ပြခဲ့ပါတယ်။
*ပထမအချက် - ဒေသတွင်းဝါဒကို အားကောင်းစေခြင်း*
ကမ္ဘာ့အဆင့်မှာ သဘောတူညီမှုမရတဲ့အခါ ဒေသတွင်းအဖွဲ့အစည်းတွေက အဓိကကျတယ်လို့ ဆိုပါတယ်။ အာဆီယံက ထိုင်းရဲ့ မဟာဗျူဟာမြောက် အဓိကဖြစ်ပြီး မြန်မာပြဿနာအတွက် Five-Point Consensus ကို ဆက်လက်ထောက်ခံသွားမှာဖြစ်ပါတယ်။ ဒါ့အပြင် ကမ္ဘောဒီးယားနဲ့လည်း ငြိမ်းချမ်းတဲ့ နှစ်နိုင်ငံဆွေးနွေးမှုတွေကို ဆက်လုပ်သွားမယ်လို့ ပြောပါတယ်။
*ဒုတိယအချက် - မဟာဗျူဟာအရ ကိုယ်ပိုင်လွတ်လပ်မှု*
အရေးပေါ်ပြဿနာတွေအတွက် သေးငယ်တဲ့နိုင်ငံအုပ်စုနဲ့ ပူးပေါင်းတဲ့ Minilateral ချဉ်းကပ်မှုက ပိုထိရောက်တယ်လို့ ဝန်ကြီးချုပ်က ပြောပါတယ်။ ဥပမာအနေနဲ့ ဩစတြေးလျဝန်ကြီးချုပ် Anthony Albanese နဲ့အတူ နိုင်ငံဖြတ်ကျော်နဲ့ အွန်လိုင်းရာဇဝတ်မှုတိုက်ဖျက်ရေးဆိုင်ရာ ပူးတွဲကြေညာချက်ထုတ်ပြန်ခဲ့တာကို ထောက်ပြခဲ့ပါတယ်။ ဒီနည်းက နိုင်ငံတွေကို ဘက်ရွေးခိုင်းမှုမရှိဘဲ လွတ်လပ်စွာပူးပေါင်းနိုင်စေတယ်လို့ ဆိုပါတယ်။
*တတိယအချက် - စီးပွားရေးခံနိုင်ရည်အားကို မြှင့်တင်ခြင်း*
ရှားပါးသတ္တု၊ သန့်ရှင်းတဲ့စွမ်းအင်၊ အဆင့်မြင့်ထုတ်လုပ်ရေး၊ AI နဲ့ ဒစ်ဂျစ်တယ်ကုန်သွယ်ရေးတို့မှာ နှစ်နိုင်ငံ ဖြည့်စွက်အားသာချက်တွေနဲ့ ပူးပေါင်းဖို့ တိုက်တွန်းခဲ့ပါတယ်။ ထိုင်းနိုင်ငံရဲ့ OECD အဖွဲ့ဝင်လျှောက်ထားမှုအတွက် ဩစတြေးလျက ဆက်လက်ထောက်ခံပေးနေမှုကိုလည်း ကျေးဇူးတင်ကြောင်း ပြောကြားခဲ့ပါတယ်။
"ကျွန်တော်တို့ တစ်နိုင်ငံတည်းနဲ့ ကမ္ဘာ့အာဏာချိန်ခွင်ကို ပြောင်းလဲပစ်လို့မရပေမယ့် ဒေသတွင်းမှာ အာဏာအသုံးပြုပုံကို ပုံဖော်နိုင်ပါတယ်။ ပွင့်လင်း၊ ခံနိုင်ရည်ရှိ၊ အားလုံးပါဝင်တဲ့ အိန္ဒို-ပစိဖိတ်ဒေသကို အတူတည်ဆောက်ကြရအောင်" လို့ ဝန်ကြီးချုပ်က နိဂုံးချုပ်ပြောကြားခဲ့ပါတယ်။
မိန့်ခွန်းမပြောခင်မှာတော့ ဝန်ကြီးချုပ် အန်နူတင်ဟာ NSW ပြည်နယ်ဘုရင်ခံခံ Margaret Beazley နဲ့ Government House မှာ တွေ့ဆုံခဲ့ပါတယ်။ အဲဒီနောက် ဆစ်ဒနီမြို့ရှိ Thai Town ကို သွားရောက်ပြီး ထိုင်းစီးပွားရေးလုပ်ငန်းရှင်တွေနဲ့ တွေ့ဆုံအားပေးခဲ့သလို၊ ဒီဇိုင်းပလက်ဖောင်း Canva ရဲ့ အမှုဆောင်တွေနဲ့လည်း ထိုင်းရဲ့ ဖန်တီးမှုစီးပွားရေးကဏ္ဍကို မြှင့်တင်ဖို့ ဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။
ထိုင်းနဲ့ဩစတြေးလျ နှစ်နိုင်ငံဟာ ယုံကြည်ရတဲ့ မဟာမိတ်တွေအဖြစ် ဒေသတွင်းငြိမ်းချမ်းရေးနဲ့ သာယာဝပြောရေးအတွက် ဆက်လက်ပူးပေါင်းသွားမယ်လို့ မျှော်လင့်ရပါတယ်။
---
Source#PR Thai Goverment
Comments
Post a Comment